Print

ဆံပင်ကျွတ်ခြင်း

  27-Feb-2017
Preview Image

ကျားပုံစံထိပ်ပြောင်ခြင်း (သို့) အမျိုးသားများတွင် အတွေ့ရများသောဆံပင်ကျွတ်ခြင်း ပုံစံသည် အမျိုးသမီးများတွင်တွေ့ရသော “မ” ပုံစံထိပ်ပြောင်ခြင်းကဲ့သို့ပင် Androgen ဟော်မုန်းကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ အသက် ၅၀ အရွယ်အမျိုးသမီးများ၏ ၅၀ ရာခိုင်နှုန်းတွင် ဤထိပ်ပြောင်ခြင်းမျိုးကို တွေ့နိုင်ပြီး နောက်ပိုင်းတွင် ၇၀ ရာခိုင်နှုန်းအထိ တိုးတက်တွေ့ရှိရပါသည်။

 

အမျိုးသမီးများတွင် ဖြစ်ပွားသော ထိပ်ပြောင်ခြင်းကို ခန့်မှန်းမှုများသည် ကွဲပြားမှု ပိုများပါသည်။ ထိပ်ပြောင်ခြင်းသည် မျိုးရိုးလိုက်တတ်သော၊ Androgen ဟော်မုန်းပေါ်တွင် တည်မှီသောအခြေအနေတစ်ခုဖြစ်ပြီး ပုံစံသတ်သတ်မှတ်မှတ်ဖြင့် ဖြစ်ပွားပါသည်။ မျိုးရိုးအရ ဖြစ်နိုင်ခြေရှိသော သူများတွင် Androgen ဟော်မုန်းကြောင့် hair follicles များသည် သေးငယ်လာပြီး ပုံမှန်ဆံပင်များအစား မွေးညင်းနုများ တဖြည်းဖြည်းပြောင်း လဲဖြစ်ပေါ်လာသည်ဟု ယူဆကြပါသည်။ 

 

ရလဒ်အားဖြင့် ဆံပင်ပါးလာခြင်း ကို တွေ့မြင် ရပါသည်။ ကျားပုံစံထိပ်ပြောင်ခြင်း သည် နားထင်များမှစတင်ပြီး တဖြည်းဖြည်းငယ်ထိပ်သို့ တက်သွားပါသည်။ “မ” ပုံစံ ထိပ်ပြောင်ခြင်းတွင် ငယ်ထိပ်၌ ဆံပင်များပါးလာခြင်းကို အဓိကတွေ့ရပြီး ဆံစပ်များ သည် ပုံမှန်အတိုင်းဖြစ်ပါသည်။ 

 

ထိပ်ပြောင်ခြင်းကို ဖြစ်စေသောအခြေခံ အကြောင်းရင်းများတွင် အဏုကြည့် မှန်ပြောင်းဖြင့်ကြည့်မှ တွေ့နိုင်သော hair follicles ရောင်ရမ်းမှုသည် တစ်ခုအပါအဝင်ဖြစ် သည်ဟု ရှာဖွေတွေ့ရှိကြပါသည်။ ထိုရောင်ရမ်းမှုသည် တဖြည်းဖြည်းချင်း မသိမသာဖြစ်ပွား မှုဖြစ်သဖြင့် Micro-inflammation ဟု အချို့က ရည်ညွှန်းကြပါသည်။ 

 

ဤဖြစ်စဉ်သည် ဦးရေပြားနှင့် မွေးညင်းပေါက်များတွင် ပုံမှန်ရှိနေတတ်သော Propionibacterium sp၊ Staphy-lococcus sp၊ Malassezia sp၊ နှင့် အခြားပိုးများ၊ ၎င်းတို့မှထုတ်သော အဆိပ်အတောက်များနှင့် ပတ်သက်နိုင်သည်ဟူသော ယူဆချက် များလည်း ရှိပါသည်။ အရေပြားဆဲလ်များမှ အရေပြားလှုံ့ဆော်သော ဓာတုပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများ (Pollutants) နှင့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု စသည်တို့ကို တုံ့ပြန်သောအနေဖြင့် လွတ်နေသော ဓာတ်တိုးပစ္စည်းများ၊ နိုက်ထရစ်အောက်ဆိုဒ် နှင့်ရောင်ရမ်းမှုကို အားပေးသော ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြင့်လည်း Micro-inflammation ဖြစ်ပေါ်မှု အားပေးသည်ဟု ဆိုကြပါသည်။

 

အသက်အရွယ်ကြီး၍ဖြစ်သော ဆံပင်ကျွတ်ခြင်းသည် Androgen ဟော်မုန်း ကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းမဟုတ်ဘဲ အသက် ၅၀ နောက်ပိုင်းတွင် အဖြစ်များ ပါသည်။ ဆံပင်များ တဖြည်းဖြည်း သေးငယ်လာပြီး အရေအတွက်နည်းလာခြင်းမှာ Androgen ဟော်မုန်ကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းနှင့် ဆင်တူပါသည်။

 

Androgen ဟော်မုန်းကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းနှင့်တွဲ၍ လည်း ဖြစ်ပွား တတ်သဖြင့် ၎င်းတို့ကို ခွဲခြားရန်ခက်ခဲသည်။ Micro-inflammation ဖြစ်ပွားမှုသည် Androgen ဟော်မုန်းကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းတွင် ပိုများသည်ဟု ဆိုပါသည်။ ၁၄ နှစ်ကြာပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် တွေ့ရှိချက်များအရ Androgen ဟော်မုန်းကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းသည် အရွယ်မတိုင်မီ အိုမင်းမှုဖြစ်စဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု ဆိုပါသည်။ ဆံပင်ကျွတ်ခြင်းဖြစ်ပွားချိန်၊ သက်သာချိန်၊ ငြိမ်နေချိန် စသည်တို့သည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေ၊ လူနေမှုပုံစံနှင့် အခြားအိုမင်းမှု ကို ဖြစ်စေသော အကြောင်းအချက်များကို ပြုကျင့်လုပ်ဆောင်မှု စသည်များအပေါ်တွင် တည်မှီနေသည်ဟု ဆိုပါသည်။

 

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု
Androgen ဟော်မုန်းကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်း၏ ရလဒ်အဖြစ် ဆံပင်များ ပါးလာခြင်းသည် ဦးရေပြားကို ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပေးသော သဘာဝအကာအကွယ်ကို လျော့နည်းစေပါသည်။ 

 

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုသည် ဦးရေပြားကို အရေပြားကင်ဆာဖြစ်နိုင်ခေနျှင့် အိုမင်းရင့်ရော်မှုကို တိုးဖြစ်စေသည်သာမက ဆံပင်ကျွတ်ခြင်းကိုလည်း တိုးပြီးဖြစ်စေနိုင် ပါသည်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ကြီးထွားနေသော ဆံပင်များအဖြစ်မှ ကြီးထွားမှုရပ်တန့်ပြီး ငြိမ်သက်နေသောဆံပင်များအဖြစ် ပြောင်းသွားခြင်း၊ oxidative stress ကို တိုးစေပြီး Micro-inflammation ဖြစ်ပွားစေခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို အားပေးခြင်း စသည်များကို တွေ့ရပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါများအကြောင်း တစေ့တစောင်းစာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18